ကိုယ်တိုင်သတိမထားမိဘဲ အရေပြားပြဿနာတွေ ဖြစ်လာရခြင်း အကြောင်းရင်းများ

မိမိတောင် သတိမထားမိဘဲ အရေပြားပြဿနာတွေ ကြုံတွေ့နေရတဲ့ အကြောင်းရင်း‌တွေ ရှိနိုင်ပါတယ်။ ဥပမာ မျက်နှာကို နေ့စဉ် ဆေးကြောသန့်စင်ပေးတာ၊ ပူပြင်းတဲ့ နေရောင်ခြည်ထဲသွားရင် နေရောင်ကာခရင်မ်လိမ်းပေးတာ စသဖြင့်ပါ။ စာဖတ်သူက မျက်နှာနဲ့ အရေပြားကို ဘယ်လောက်ပဲ ဂရုစိုက်ပါတယ် ဆိုထားဦး၊ တစ်ခါတလေ သတိမမူမိဘဲ ကိုယ်လုပ်လေ့ရှိတဲ့ အပြုအမူတွေဟာ အသားအရေကို ထိခိုက်ပျက်စီးစေတတ်ပါသေးတယ်။ အောက်ဘက်မှာတော့ လူတွေ ပြုလုပ်လေ့ရှိတဲ့ အမူအကျင့်တွေကနေ ဘယ်အရာတွေကတော့ အသားအရေကို ထိခိုက်ယိုယွင်းစေတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 


ပါးမှာ ဖုန်းဖိပြောခြင်း

လူတွေဟာ လက်ကိုင်ဖုန်းတွေကို နေရာမရွေး ကိုင်လေ့ရှိပါတယ်။ အိတ်ထဲလည်း ထည့်၊ စားပွဲခုံပေါ်၊ ခုံတွေပေါ်မှာ ဟိုနားတင် ဒီနားတင်နဲ့ လုပ်ကြပါတယ်။ တစ်ခါတလေ အိမ်သာထဲတောင် ယူသွားကြပါသေးတယ်။ ဖုန်းတွေမှာ ဖုန်မှုန့်၊ အညစ်အကြေးနဲ့ ပိုးမွှားတွေဟာ ကပ်နေတတ်ပါတယ်။ ဒါကြောင့် မသန့်ရှင်းတဲ့ ဖုန်းတွေကို ပါးပေါ်မှာ ဖိကပ်ပြီး ဖုန်းမပြောသင့်ပါဘူး။ ဒီလိုအမူအကျင့်ဟာ မျက်နှာက ချွေးပေါက်လေးတွေကို ပိတ်စေတဲ့အပြင် ဝက်ခြံတွေ ထွက်လာအောင် တွန်းအားပေးပါတယ်။


ခေါင်းအုံးစွပ်တွေကို မလျှော်ဘဲထားခြင်း

လူတွေဟာ ညဘက်မှာ ခေါင်းအုံးပေါ် မျက်နှာအပ်ပြီး နာရီပေါင်းများစွာနေရတာကြောင့် မျက်နှာအသားအရေအတွက် ခေါင်းအုံးတွေဟာ အရေးကြီးပါတယ်။ မျက်နှာနဲ့ အချိန်အကြာကြီး ထိတွေ့ရတဲ့ ခေါင်းအုံးတွေကို လျှော်ဖွပ်ဖို့လိုတဲ့အပြင် မျက်နှာသုတ်ပဝါ၊ မိတ်ကပ်ဘရက်ရှ်တွေနဲ့ မိတ်ကပ်လိမ်းတို့ဖတ်တွေကိုပါ ပုံမှန်ဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။


အဆီပါဝင်တဲ့ အလှကုန်ပစ္စည်းများ အသုံးပြုခြင်း

မျက်နှာသန့်စင်ဆီ oil cleanser တွေနဲ့ ခန္ဓာကိုယ်လိမ်းအဆီတွေဟာ ဈေးကွက်မှာ အားပေးဝယ်ယူသူတွေများတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့အလှကုန်ပစ္စည်းတွေက သူများနဲ့အရမ်းတည့်ပေမယ့် ကိုယ်နဲ့ကျတော့ အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ သိပ်ဆိုးရင် မျက်နှာမှာ ဝက်ခြံဖုအကြီးကြီးတွေထွက်ပြီး အသားအရေ ပျက်စီးပြောင်းလဲသွားတာမျိုးတွေတောင် ရှိပါတယ်။ တချို့တွေက မျက်နှာအရေပြားသန့်စင်စေဖို့ရယ်၊ အရေပြားရဲ့ သဘာဝအဆီကို သင့်တင့်မျှတအောင် ညှိပေးဖို့အတွက် oil cleanser တွေကို အသုံးပြုကြပါတယ်။ ဒါပေမယ့် oil cleanser အများစုက ဝက်ခြံဖြစ်အောင် ပိုလှုံ့ဆော်တာကြောင့် skin oil နဲ့ oil cleanser တွေကို သုံးမယ်ဆိုရင် သေချာရွေးချယ်ပြီးမှ ဝယ်ယူတာ အကောင်းဆုံးပါ။


မျက်နှာကို ကြိမ်ဖန်များစွာ ကိုင်တွယ်ထိတွေ့ခြင်း

တကယ်လို့ စာဖတ်သူဟာ မျက်နှာကို မကြာခဏ ထိတွေ့တတ် ပွတ်သပ်တတ်သူဆိုရင်တော့ ဒီအကျင့်ကို နည်းနည်းလေး ဂရုပြုသင့်ပါတယ်။ မျက်နှာကို ခဏခဏ ထိတွေ့တာ၊ မေးစေ့အောက် လက်ထောက်ပြီး နေတာတွေဟာ မျက်နှာအသားအရေအတွက် မသင့်လျော်ပါဘူး။ လက်မှာက အဆီတွေ၊ ဘက်တီးရီးယားတွေအပြင် တခြားဖုန်မှုန့်နဲ့ အညစ်အကြေးတွေလည်း ရှိနိုင်တာကြောင့် ဝက်ခြံပေါက်နိုင်ခြေကို ပိုမြင့်တက်စေပါတယ်။ ဒါ့အပြင် မျက်လုံးကို ခဏခဏ လက်နဲ့ ပွတ်သပ်တာမျိုးလည်း မပြုလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရေပြားအောက်မှာရှိတဲ့ နူးညံ့တဲ့ ဆံခြည်မျှင်သွေးကြောလေးတွေက လက်နဲ့ ခဏခဏ ပွတ်သပ်တဲ့အခါ ကျိုးပျက်သွားပြီး အရွယ်မတိုင်ခင် စောစောစီးစီး ပါးရည်တွန့်တာတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အထက်ပါ အမူအကျင့်တွေကို ရှောင်ရှားပြီး ကျန်းမာနုပျိုတဲ့ အသားအရေတွေကို ပိုင်ဆိုင်နိုင်ကြစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

#News & Blogs

Related Contents

...
စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှုများတာမကောင်းပါဘူး။ ဒါပေမယ့် ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် ဆိုးဆိုးရွားရွား လွန်ကဲနေပြီလို့ ပြောနိုင်မလဲ။ ဒီလိုမေးခွန်း...